အင်တာနက်ကလူငယ်တွေအတွက် ဆေးလား၊ အဆိပ်လား...

View previous topic View next topic Go down

အင်တာနက်ကလူငယ်တွေအတွက် ဆေးလား၊ အဆိပ်လား...

Post  emolay on Mon Jun 13, 2011 4:01 am

ခေတ်အလိုက် ပြောင်းလဲလာတဲ့အထဲမှာ တခြားဟာတွေထက် လူထုကို တိုက်ရိုက်ထိတွေ့လာနိုင်တာကတော့ အင်တာနက်လို့ ထင်ပါတယ်။ တစ်နာရီ သုံးရာလောက်နဲ့ မမြင်ရတဲ့လောကလေး တစ်ခုထဲကို ရောက်သွားတာပါပဲ။ လူငယ်တွေသာမက လူကြီးတွေပါ သုံးစွဲလာကြတဲ့ ခေတ်မီအသုံးအဆောင်တစ်မျိုးပဲပေါ့ရှင်။

အခုဆို ဒီကျယ်ပြန့်လှတဲ့ ကွန်ရက်ကြီးကို အဖက်ဖက်က အသုံးပြုလာကြပါပြီ။ ဘယ်နယ်ပယ်မှာ လိုအပ်သလဲ၊ လိုအပ်ချက်အတွက် ဖြေရှင်းဖို့နည်းလမ်းပဲဖြစ်ဖြစ်၊ သတင်း အချက်အလက်ပဲဖြစ်ဖြစ် မိနစ်ပိုင်းအတွင်း အမြန်ရရှိနိုင်တဲ့အတွက် လူတန်းစားအရပ်ရပ်ကလည်း အသုံးပြုနေကြပါတယ်။ အများဆုံးတွေ့ရတာတော့ ဆက်သွယ်ရေး၊ ဖျော်ဖြေရေး၊ တချို့တွေမှာတော့ ပညာရေးအတွက်၊ စီးပွားရေးအတွက်၊ လူမှုရေးအတွက်ဆိုတဲ့နယ်ပယ်တွေကို အသုံးပြုကြပါတယ်။ ဒီထက်မကလည်း အသုံးပြုနိုင်သေးတဲ့ အင်မတန်ကျယ်ပြန့်တဲ့ ကွန်ရက်ကြီးပါ။

အင်တာနက်ဆိုင်တစ်ဆိုင်ထဲကို ၀င်သွားရင် အများဆုံးတွေ့ရမှာကတော့ လူငယ်တွေပါပဲ။ လူငယ်တွေချည်းတော့ မဟုတ်ပါဘူးလေ။ နိုင်ငံခြားက သားနဲ့၊ သမီးနဲ့ စကားပြောဖို့ အင်တာနက် သုံးပြီး ဖုန်းလာပြောတဲ့ အန်တီကြီး၊ အန်ကယ်ကြီးတွေလည်း အများကြီးပေါ့လေ။ တစ်ခါတစ်လေဆို မြေးတွေနဲ့ စကားလာပြောတဲ့ ဖိုးဖိုး၊ ဖွားဖွားတွေတောင် ပါတတ်ပါသေးတယ်။

ကျွန်မ အင်တာနက်သုံးပါတယ်။ ကျွန်မကို အင်တာနက်နဲ့ စတင်မိတ်ဆက်ပေးခဲ့တာ ဖေဖေပါ။ ကျွန်မ တော်တော်ငယ်ငယ်အရွယ်မှာကို အီးမေးလ်လိပ်စာလုပ်ပေးထားပါတယ်။ Chattingဆိုတာ ပေါ်လာတဲ့အချိန်မှာကို ကျွန်မ ငယ်သေးပေမယ့် အဖေနဲ့ အဒေါ်တွေနဲ့ အစ်မနဲ့ Chatဖြစ်ပါတယ်။ ကျွန်မ အင်တာနက်သုံးတဲ့အခါ နားထောင်ချင်တဲ့ သီချင်းလေးတွေ ကူးယူဖြစ်ပါတယ်။ အဝေးရောက်နေတဲ့ သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်ပါတယ်။ Facebookလူမှုကွန်ရက်မှာ ဂိမ်းလေးတွေ ဆော့ပါတယ်။ အဲဒီမှာပဲ ကျွန်မသူငယ်ချင်းတွေတင်တဲ့ ဓါတ်ပုံတွေမှာ မှတ်ချက်တွေပေး၊ ဆောင်းပါးတွေတင်ဖြစ်ပါတယ်။ တစ်ခါတစ်လေ ကျွန်မ သင်တန်းက ဆရာတွေ၊ ဆရာမတွေ ရှာခိုင်းတဲ့ အကြောင်းအရာတွေ ရှာဖွေဖြစ်ပါတယ်။

တစ်နေ့ ကျွန်မ သူငယ်ချင်းတွေနဲ့ စကားပြောနေရင်း ကျွန်မ မသိတဲ့နာမည်တစ်ခုက ကျွန်မကို လာနှုတ်ဆက်ပါတယ်။ ဒါကလည်း အင်တာနက်ရဲ့ထုံးစံအတိုင်းပါပဲ။ အဖွားတို့ အမေတို့ခေတ်က အချင်းချင်း စာရေးပြီးခင်မင်ကြတဲ့ ကလောင်သူငယ်ချင်းတွေလို၊ အင်တာနက်ထဲက မမြင်ရတဲ့ သူငယ်ချင်းတွေဆိုတာ အင်တာနက်သုံးနေကြသူတွေအဖို့ ရိုးနေပါပြီ။ အဲဒီလို မမြင်ရတဲ့သူငယ်ချင်းတွေထဲမှာ အရမ်းခင်ရတဲ့သူငယ်ချင်းတွေလည်း ရှိပါတယ်။ အဲဒီတော့ ကျွန်မလည်း ပြန်နှုတ်ဆက်လိုက်ပါတယ်။ အဲဒါနဲ့ ချက်ချင်းကြီးဆိုသလိုပဲ ကျွန်မကို ချစ်ကြောင်း ပြောတော့တာပါပဲ။ ကျွန်မ ချက်ချင်း အဲဒီသူကို ကျွန်မ သူငယ်ချင်းစာရင်းထဲက ထုတ်လိုက်ပါတယ်။

နောက်တစ်ခါ ကျွန်မရဲ့မောင်တစ်ဝမ်းကွဲတစ်ယောက်က အင်တာနက်ပေါ်ရောက်လာတော့ ကျွန်မကို နှုတ်ဆက်ပါတယ်။ ကျွန်မက ကျွန်မရဲ့မောင်လို့ ထင်လို့ ပြန်နှုတ်ဆက်တော့ သူ့သူငယ်ချင်းပါတဲ့။ ကျွန်မမောင်ရဲ့သူငယ်ချင်းဟာ ကျွန်မရဲ့သူငယ်ချင်း တစ်နည်းဆိုရင်တော့ ကျွန်မရဲ့မောင်ပါပဲ။ ဘာမှလည်း မပြောဖြစ်လိုက်ပါဘူး။ ကျွန်မက သင်တန်းမှာ လိုအပ်တဲ့ အချက်အလက်တွေ ရှာနေလို့ မအားလို့ စာမပြန်အားပါဘူးလို့ ကျွန်မပြောလိုက်တော့ ကျွန်မကို မိုက်မိုက်ရိုင်းရိုင်းတွေ ပြောပါတယ်။ ကျွန်မမောင်ကို ပြန်မေးတဲ့အခါ အဲဒီသူငယ်ချင်းက အဲဒီလိုပါပဲတဲ့။ နောက်နေ့ကျတော့ တောင်းပန်ပါတယ်လို့ တစ်ဆင့်ပြောခိုင်းပါတယ်။

နောက်ပိုင်းတွေ ကျွန်မ သတိထားကြည့်လာတဲ့အခါ မြင်ဖို့ မခဲယဉ်းပါဘူး။ လူငယ်အများစုက အင်တာနက်ကို ရည်ရွယ်ချက်အလွဲတွေနဲ့ အသုံးပြုနေကြပါတယ်။ ခဏခဏ ဂျာနယ်တွေမှာလည်း ပါတတ်ပါတယ်။ အင်တာနက်ပေါ်က ချစ်သူဖြစ်ပြီး သူရှိတဲ့နိုင်ငံကို လိုက်သွားတော့ ကိုယ့်ကို တခြားလူဆီမှာ ရောင်းစားတာတို့၊ အင်တာနက်ပေါ်မှာ ကိုယ့်ကို အယုံသွင်းပြီး လုပ်ငန်းလုပ်မယ်ဆိုပြီး ပိုက်ဆံတွေ လိမ်သွားတာတို့ဆိုတာ လူတွေသိပြီး၊ ကြားပြီးသား ဖြစ်ရပ်တွေပါ။ အဆိုးဆုံးကတော့ ခေတ်မီနည်းပညာတွေ သုံးပြီး နှမချင်းမစာမနာ မိန်းကလေးတို့ကို အရှက်ခွဲတာတွေပါပဲ။

ဒီ အင်တာနက်ဆိုတာကြီးက ဘယ်သူမှန်းမသိတာကို အခွင့်ကောင်းယူပြီး အပျော်ရည်းစား ရှာဖို့လား။ မိုက်မိုက်ရိုင်းရိုင်းတွေ ပြောဖို့လား။ ဒါဟာ လူတန်းစားအစုံ အသုံးပြုနေပါတယ်။ အသက်အရွယ်မရွေး အသုံးပြုနေပါတယ်။ သုံးတတ်ရင် ကိုယ့်အတွက် အနှစ်ကျန်ဖို့ပါပဲ။ မမြင်ရတဲ့သူငယ်ချင်းပေမယ့် ၀ါသနာတူတဲ့သူငယ်ချင်းဆို စကားကောင်းကောင်းပြောနိုင်ပါတယ်။ များပြားလှတဲ့ Websiteတွေမှာ ဗဟုသုတများစွာ ရှာဖွေနိုင်ပါတယ်။ အပန်းဖြေဖို့ သီချင်း၊ ရုပ်ရှင်၊ ဂိမ်း ဒါတင်မက အပျော်တမ်းဗေဒင်အစရှိတာတွေ အများကြီးပါပဲ။

တစ်ခါတစ်လေတော့ ကျွန်မတို့ကိုပါ ထိခိုက်လာပါတယ်။ အင်တာနက်သုံးတဲ့သူတိုင်း ဒါပဲလုပ်နေတာမဟုတ်ပါဘူး။ တစ်ချို့ဆို ကိုယ့်စာမျက်နှာမှာ ကိုယ့်စီးပွားရေးလုပ်ငန်းကို ကြော်ငြာတာမျိုး၊ ကိုယ့်ပညာရေးအတွက် အထောက်အကူဖြစ်ဖို့ ရှာဖွေနေတာမျိုးတွေ အများကြီး ရှိပါတယ်။ အခုက အင်တာနက်သုံးတဲ့သူကိုဆို ကိုစိုင်းစိုင်းရဲ့သီချင်းထဲကလို “ဘယ်သူနဲ့ ကျုနေလဲ၊ ဒါဆိုရင်တော့ ယုတ်မာတယ်”လို့ စသလိုတောင် ပြောကုန်ကြပါပြီ။

ဝန်ခံရရင် တစ်ခါတစ်လေမှာ အင်တာနက်သုံးတာဟာ အချိန်ကုန်ပါတယ်။ ငွေကုန်ပါတယ်။ အမြဲတမ်း အကြာကြီးသုံးရင် ပိုသိသာပါတယ်။ ပြီးတော့ အင်တာနက်ထဲမှာ Chattingလုပ်တဲ့အခါ မြန်မာလိုလည်းမဟုတ်၊ အင်္ဂလိပ်လိုလည်းမဟုတ် နှစ်ဘာသာရောထားတဲ့ ဘာသာစကားနဲ့ပြောတော့ နှစ်ဘာသာလုံးလည်း ပျက်ဆီးပါတယ်။ တစ်ခါတစ်လေ ကိုယ်က အင်္ဂလိပ်လိုပြောရင်တောင် ကိုယ့်ကို ပြန်ဟောက်ပါသေးတယ်။ သူ နားမလည်အောင် ပြောရကောင်းလားတဲ့။

အင်တာနက်ကို သုံးတဲ့အခါ ရနိုင်တဲ့ကောင်းကျိုးတွေကို နည်းနည်း ပြောကြည့်ပါ့မယ်။ ဆက်သွယ်ရေးအနေနဲ့ အဝေးရောက်နေတဲ့ သူငယ်ချင်းနဲ့ဖြစ်ဖြစ်၊ မိသားစုနဲ့ဖြစ်ဖြစ် အဆက်အသွယ် မပြတ်နေနိုင်ပါတယ်။ မိုင်တွေဘယ်လောက်ဝေးနေပါစေ၊ အသံလေးကြားရုံတင်မက ရုပ်ပါမြင်နိုင်ပါတယ်။ တစ်ချို့တွေဆိုရင်လည်း အနှစ်နှစ်အလလက ဝေးကွာနေတဲ့ သူငယ်ချင်းတွေနဲ့ ပြန်လည်ဆက်သွယ်နိုင်ပါတယ်။ မမြင်ရတဲ့သူငယ်ချင်းတွေ ရှိနေလည်း ၀ါသနာကို ဝေမျှလို့ ရပါတယ်။

ဖျော်ဖြေရေးနယ်ပယ်မှာတော့ လုပ်ဆောင်ချက်တွေ အများကြီးပါ။ စိတ်အပန်းပြေဖို့ လုပ်ဆောင်ချက်အများကြီး အင်တာနက်ပေါ်မှာ တွေ့နိုင်ပါတယ်။ ပြည်တွင်းက သီချင်းတွေသာမက ပြည်ပက သီချင်းတွေကို ချက်ချင်းဆိုသလို ရရှိနိုင်သလို ရုပ်ရှင်ကြည့်လို့လည်း အဆင်ပြေ၊ အလွန်ဆုံး ကိုယ်ကြိုက်တဲ့ မင်းသား၊ မင်းသမီး၊ အဆိုတော်များအကြောင်းကိုလည်း အင်တာနက်ထဲမှာ လျှင်မြန်စွာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဂိမ်းဆိုရင်လည်း အမျိုးမျိုး ဆော့နိုင်ပါသေးတယ်။ စာဖတ်ချင်ရင်လည်း ဟိုအရင်ခေတ်တွေတည်းက နာမည်ကြီးခဲ့တဲ့ စာအုပ်တွေကို ဖတ်ရှုနိုင်ပါသေးတယ်။ တစ်ခုတော့ ရှိသည်ပေါ့။ ဒါတွေပဲ လုပ်လို့တော့ ဘယ်ဖြစ်ပါ့မလဲ။ ဘယ်အရာမဆို အတိုင်းအတာတော့ ရှိမှာပဲလေ။

ပညာရေးဆိုလည်း ပြောစရာကိုမလိုပါဘူး။ နိုင်ငံတကာက ထိပ်တန်းတကသိုလ်တွေက ပညာရေးနည်းစနစ်တွေ အကြောင်းကို လေ့လာနိုင်သလို မိမိသိချင်တဲ့အချက်အလက်ကို အချိန်တိုအတွင်း သိရှိနိုင်ပါတယ်။ အင်တာနက်ဟာ ဗဟုသုတဘဏ်ကြီးလိုပါပဲ။ ဘာသာရပ်တိုင်းအတွက်ကို အချက်အလက်တွေ ပြည့်စုံစွာ တွေ့ရှိနိုင်ပါတယ်။ နာမည်ကျော် ပို့ချချက်တွေကိုလည်း နားထောင်နိုင်ပါသေးတယ်။

စီးပွားရေးအနေနဲ့ ကြည့်ရင်လည်း ကိုယ့်လုပ်ငန်းကို အဖိုးအခနည်းနည်းနဲ့ ကြော်ငြာနိုင်ပါတယ်။ ကိုယ့်လုပ်ငန်းနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေအကြောင်း၊ ကိုယ်သိထားသင့်တဲ့ အကြောင်းအရာတိုင်းကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ တွေ့ရှိနိုင်ပါတယ်။

လူမှုရေးဆိုလည်း အသိသာကြီးပါ။ နာဂစ်မုန်တိုင်းအပြီးမှာ Online Donationဆိုတဲ့အဖွဲ့က မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေကို ထောက်ပံ့ကူညီမှုတွေ လုပ်ခဲ့တာ ဂျာနယ်တွေမှာ ပါပါတယ်။ ထို့အတူ အသင်းအဖွဲ့တွေ ၀င်ပြီး လူမှုကူညီရေးတွေ လုပ်နေတာ အများကြီးပါ။

ဒီအတိုင်းဆို အင်တာနက်ကို အသားပေးပြီး ကောင်းကျိုးတွေသာ ပြောနေသလို ဖြစ်နေပါတယ်။ ကျွန်မ ပြောခဲ့သလိုပဲ အင်တာနက်ကို ရည်ရွယ်ချက်တလွဲတွေနဲ့ သုံးနေတဲ့သူတွေ ရှိနေတဲ့အတွက် အင်တာနက်ဆိုတာ ကြောက်စရာကောင်းတဲ့အရာတစ်ခုလို့လည်း မြင်နိုင်ပါတယ်။

အင်တာနက်ကွန်ရက်ဟာ ကျယ်ပြန့်လှပါတယ်။ အသုံးပြုသူတွေလည်း များပြားလှပါတယ်။ အသစ်အသစ်တွေကလည်း မိနစ်တိုင်းမှာ ပေါ်ပေါက်လာပါတယ်။ နောက်နှစ်တွေမှာဆို အင်တာနက်ဆိုတာ လူသားတိုင်းလိုလိုရဲ့ဘ၀မှာ ပါဝင်ပတ်သက်လာမှာပါ။ နေ့စဉ်ဘ၀မှာ လိုအပ်ကောင်း လိုအပ်လာမှာပါ။

တကယ်တမ်းတော့ အင်တာနက်ဆိုတာဟာ လူတွေ တီထွင်တဲ့ အရာဝတ္ထုတစ်ခုသာ ဖြစ်ပါတယ်။ ဒီမမြင်ရတဲ့ အရာဝတ္ထုကို၊ ထိတွေ့လို့မရတဲ့ လောကလေးက ကောင်းတယ်၊ ဆိုးတယ်ဆိုတာ အသုံးပြုတဲ့သူရဲ့ စိတ်သဘောထားပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ့်ရဲ့ အသုံးချမှု အပေါ်မှာ မူတည်ပြီး ဆေးလား၊ အဆိပ်လားဆိုတာ ခွဲခြားရတာပါ။ ဆေးဖြစ်ခဲ့ဖူးလို့ အဆိပ်လုံးဝမဟုတ်ဘူးလို့ ပြောလို့မရသလို အဆိပ်ဖြစ်နေလို့ ဆေးမဟုတ်ဘူးဆိုတာ လုံးဝ အာမခံလို့မရပါဘူး။ အဆိပ်လို သုံးတဲ့သူတွေအတွက် ဆေးဖြစ်လာမှာ မဟုတ်သလို ဆေးအဖြစ် သုံးခဲ့ရင်လည်း အဆိပ်မဖြစ်ပါဘူးလို့ပဲ တွေးမိပါတယ်။


( ညိုသူနွယ်ေ၇းသားသောပို့ စ်အားလေးစားစွာဖြင့် ပြန်လည် တင်ပြရခြင်းဖြစ်ပါတယ် )

emolay

Posts : 114
Join date : 2011-06-12
Age : 22

View user profile

Back to top Go down

Re: အင်တာနက်ကလူငယ်တွေအတွက် ဆေးလား၊ အဆိပ်လား...

Post  htetpunnlying on Tue Sep 10, 2013 7:08 pm

အရမ်းကောင်းတယ်
ပြန်လည်ဝေမျလိုက်ပါတယ်

htetpunnlying

Posts : 1
Join date : 2013-09-10

View user profile

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum