စိမ်းစိုတဲ့ ၀န်းကျင်

View previous topic View next topic Go down

စိမ်းစိုတဲ့ ၀န်းကျင်

Post  Admin on Tue Jun 14, 2011 2:19 pm


ချင်းတောင်ခြေ၏ မိုးရွာသွန်းမှုက ယခင်နှစ်ကထက် စောခဲ့သည်။ နွေရယ်လို့ တိတိပပ မပူခဲ့ပေမယ့် နေမင်းကြီးသည် အနောက်ဘက် ချင်းတောင်တန်းကြီး၏ ရင်ခွင်ထဲသို့ မ၀င်ရောက်မီ အစွမ်းကုန် ထွန်းလင်း တောက်ပနေသည်။

ချင်းတောင်တန်းကြီး၏ နောက်ကျောဘက်ဆီမှ လျှံကျလာသော နေရောင်ချည်တို့ကား အစွမ်းကုန် ဖိတ်ဖိတ်တောက်လျက် တိမ်ဖြူ၊ တိမ်ပြာ၊ တို့ကြား ပြေးလွှားထိုးဖောက်လျက် တောင်တန်းပေါ်သို့ ဖြာဆင်းလျက် ရှိနေပြန်သေးသည်။

''ကျွန်တော်တို့ ဦးခေါင်းပေါ်က မိုးတိမ်များပြာလဲ့နေတာ ကျွန်တော်တို့ရဲ့ လေထုက သန့်စင်နေသေးလို့''ဟု ဆရာတစ်ဦးက ပြောဖူးသည်။ လေထုကြီး သန့်စင်နေတာ ၀န်းကျင်တစ်ခိုမှာ သစ်ပင်များ အတော်အသင့် ကျန်သေးတယ်လို့ မှတ်ယူလိုက်ရတော့ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ မုတ်သုံရာသီ အစပိုင်း၏ အငွေ့အသက်တို့ဖြင့် လှပနေသော ရှုခင်းများကို တော်တော်များများ ခံစားမိသည်။ လွင်ပြင်ကျယ်မှ လယ်ကွင်းများလည်း စိုက်ပျိုးဖို့ ဟန်ရေးပြင်ကြပြီ။ ဒါပေမယ့် ဒီနေရာကား အပင်ကြီးရယ်လို့ သစ်ရိပ်ဝါးရိပ် မရှိ။ ရေပြင်ညီအတိုင်း စိမ်းစိုနေသော လယ်ကွင်းများကို အပြာရောင် တောင်တန်းများက အနားသတ်ပေးထားသည်။ လွင်ပြင်ကျယ်မှ အတားအဆီးမရှိ တိုက်ခတ်လာသော လေအေးတို့ကလည်း ကြမ်းတမ်းပေစွ။

မုတ်သုံမိုးတို့ အပြေးအလွှား ၀င်ရောက်လာသော မိုးရာသီ၏ အစတွင် သူတို့ သစ်ပင်စိုက်ပျိုးရန် ကြိုးစားနေကြသည်။ ကလေးမြို့နှင့် ဂန့်ဂေါမြို့ကို ဆက်သွယ်ထားသော ကားလမ်းမကြီး ဘေးဝဲယာတွင် ယခင်နှစ်က သူတို့သစ်ပင်များ စိုက်ခဲ့ပါသည်။ စိုက်ပျိုးသော သစ်ပင်များ ရှင်သန်ရေးမှာ ခက်ခဲပေစွ။ ပြုစုယုယနိုင်မှသာ စိုက်ပျိုးမှု ရာခိုင်နှုန်း တော်တော်များများ ရှင်သန်နိုင်ပေမည်။ ဘာလို့ သစ်ပင်များ စိုက်ပျိုးခဲ့သနည်း။ သစ်ပင်များ မရှိလို့ စိုက်ခြင်း ဖြစ်ပါသည်။

သစ်ပင်များ မရှိတော့ကော ဘာဖြစ်သလဲလို့ စောဒက တက်မိသည်။ လမ်းဘေးတစ်လျှောက်မှာ အရိပ်ရသစ်ပင် မရှိတော့ လမ်းသွားလမ်းလာတွေ နားခိုစရာမရှိ။ နားခိုစရာမရှိသော လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်မှာ သူတို့ သစ်ပင်များ စိုက်ပျိုးကြသည်။ သစ်ပင်များ နားခိုစရာရှိလျှင် ကားခရီးသွားတို့ အဆင်ပြေပြေ နားခိုရနိုင်သည်။ သစ်ပင်တို့မှ ထုတ်လွှတ်ပေးသော အောက်စီဂျင်ဖြင့် စိုစွတ်ခဲ့သော ချွေးစ တို့ကို ငြိမ်းအေးပေးနိုင်မည်။

သန့်စင်သောလေဖြင့် အမောပြေစေနိုင်မည်။ သစ်ပင်များ မရှိလျှင် လူများ အသက်မရှင်နိုင်၊ အောက်စီဂျင် ထုတ်လွှတ်ပေးသော စက်ရုံများ ပိတ်သိမ်းသွားသလိုပင်။ ယခင်နှစ်က ဒီနေရာကို သစ်ပင် စိုက်သူများမှာ သစ်ပင်စိုက်ပျိုးရင်း အကြိမ်ကြိမ် ရောက်ရှိခဲ့ကြသည်။ တစ်ပတ်တစ်ခါ၊ နှစ်ခါ ဆိုသလို ညနေခင်းတိုင်း ရောက်ရှိခဲ့ကြသည်။ ရေလောင်းခဲ့ကြသည်။ ပေါင်းသင်ခဲ့ကြသည်။ သစ်ပင်ငယ်များကို အန္တရာယ် အမျိုးမျိုးမှ ကင်းလွတ်ရန် ကာကွယ်ကြသည်။

သေသွားသော သစ်ပင်များကို အစားထိုး စိုက်ပျိုးကြသည်။ ယခုအခါ ရှင်သန်လျက် ကျန်ရှိနေသော သစ်ပင်များကို ကြည့်ရင်း ၀မ်းသာ နေရသည်။ ဒီနှစ်လည်း ဒီနေရာကို သစ်ပင်စိုက်ဖို့ သူတို့ ကြိုးစားကြနေပြန်ပြီ။
အနောက်တောင်ဆီက မိုးသက်လေနှင်းသည် သူတို့ထံသို့ တရွေ့ရွေ့။
သစ်ပင်သည် စိုက်တိုင်း မရှင်သန်နိုင်ကြပါ။ ထို့ကြောင့် စိုက်ပျိုးသစ်ပင်များကို ရှင်သန်လာအောင် ထိန်းသိမ်းပေးမှုမှာ အရေးကြီးသော တာဝန်တစ်ခု ဖြစ်လာပါသည်။ ရှိပြီးသား သစ်ပင်များကို ထိန်းသိမ်းခြင်းသည် သစ်ပင်များ ပြန်လည် စိုက်ပျိုးခြင်းထက် ပိုမို ထိရောက် . . .

''ကျွန်တော်တို့မြို့ရဲ့ အ၀င် လမ်းမကြီးမှာ လွန်ခဲ့တဲ့ ၁၀နှစ် ကျော်ကျော်လောက်က သစ်ပင်တွေကို လမ်းဘေးဝဲယာမှာ စိုက်ပျိုးခဲ့တာ အခုဆိုရင် တော်တော်လေး ကြီးလာတော့ လမ်းသွားလမ်းလာတွေ အရိပ်ရတာပေါ့ဗျာ။
သစ်ပင်တွေကို ပြန်လည် စိုက်ပျိုးနေတာ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာတယ်လို့ပဲ ဆိုဆိုဗျာ။ ကိုယ်တတ်နိုင်သလောက် ပြန်လည်စိုက်ပျိုးတယ်ဆိုတဲ့ သဘောပေါ့ဗျာ။ ကျွန်တော်တို့ စိုက်ပျိုးတဲ့ သစ်ပင်တွေက ဘယ်တော့မှ အလကားမဖြစ်ဘူး ဆိုတာ သိနေတယ်။ တစ်ပင်ပဲ ရှင်ရှင် စိုက်မယ်ဆိုတဲ့စိတ်နဲ့ စိုက်ပျိုးတာပါ။ ကျွန်တော်တို့ နေထိုင်တဲ့ ပတ်ဝန်းကျင်လေး စိမ်းစိမ်းစိုစို အေးအေးချမ်းချမ်း နေထိုင်ရရင် တော်ပါပြီ ဆိုတဲ့စိတ်နဲ့ တတ်နိုင်သလောက် စိုက်ပျိုးတာပါ။ အခုစိုက်တဲ့နေရာက ဒီလမ်းမကြီး တစ်လျှောက်မှာ အရိပ်ရပင် တော်တော်နည်းပါးတဲ့နေရာ ဖြစ်ပါတယ်။ မရှိသလောက်ပါ။ ကျွန်တော်တို့ရဲ့ ၀န်းကျင်မှာ သစ်ပင်တွေ ရှားပါးနေပြီလေ။ ကျွန်တော်တို့ ၀န်းကျင် အတွက် တတ်နိုင်သလောက် တာဝန် ယူကြည့်တာပါပဲ။ ကျွန်တော်တို့ စိုက်ပျိုးထားတဲ့ သစ်ပင်လေးတွေ ရှင်သန်နေတယ် ဆိုရင်ကိုပဲ ကျေနပ်လှပါပြီ''လို့ ယခင်နှစ်က သစ်ပင်တွေကို ဦးဆောင်စိုက်ပျိုး စောင့်ရှောက်နေသော ကိုသန့်ဇင်ဝင်းက ပြောပြပါသည်။

မြန်မာနိုင်ငံ သစ်တောရေးရာ ဦးစီးဌာန၏ ယခုနှစ် ထုတ်ပြန်ချက် အရ ၁၉၇၅ မှ ၂၀၁၀ ပြည့်နှစ် အထိ ၃၅ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုမှာ ၁၄ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီး ၄၁ ရာခိုင်နှုန်းသာ
ကျန်တော့သည်ဟု သိရပါသည်။ သစ်တောဦးစီး ဌာနကလည်း မြန်မာနိုင်ငံ၌ သစ်တောပြုန်းတီးမှုကို ကာကွယ်သည့် အနေဖြင့် ယခု ၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ပုဂ္ဂလိကပိုင်းမှ သစ်ထုတ်လုပ်မှုများ၊ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုများကို လျော့ချသွားမည် ဖြစ်ကြောင်း အဆိုပါ ဌာန၏ ယခုနှစ် ထုတ်ပြန်ချက် အရ သိရသည်။ ဘာပဲပြောပြော ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ သစ်ပင်တွေ ကျဲပါးသွားတာကတော့ အမှန်ပင်။ သစ်ပင်တွေ နည်းပါးလာမှုက အပူဒဏ်ကို တော်တော် ခံစားမိလာစေသည်။ ပြီးခဲ့သည့် နွေရာသီကာလ အတွင်းတွင် ရန်ကုန်၊ မန္တလေး၊ မုံရွာတို့လို မြို့ကြီးများမှာသာမက မြန်မာနိုင်ငံ အတွင်းရှိ မြို့နယ် တော်တော်များများမှာ အပူဒဏ်ကို တော်တော်လေး ခံစားခဲ့ရသည်။ တချို့သော နေရာများတွင် သောက်သုံးရေ အခက်အခဲပါ ကြုံတွေ့ခဲ့ကြရ ပါသည်။ ဒီအချက်အလက်များကို စိစစ်သုံးသပ်ကြည့် ရာသီဥတုဟာ အပူဘက်ကို တော်တော်လေး ယိမ်းလာတယ် ဆိုတာ သတိထားမိကြသည်။ ပညာရှင်များမှာတော့ နှစ်စဉ် မှတ်တမ်းများကို ကိုးကား ပြောဆိုနေလျက် ရှိနေကြသည်။ ရာသီဥတုက တော်တော် ပူနွေးလာသည် ဆိုတော့ အရေးကြီးဆုံးသတင်း ဖြစ်လာသည်။

ပူလာပြီ ဆိုတော့ဖြင့် အရင်ဆုံး သတိထားမိကြသည်မှာ သစ်ပင်များ နည်းပါးလာခြင်းပင်။ သစ်ပင်များ နည်းပါးလာခြင်းကို ကာကွယ်ရန်နှင့်သစ်ပင်များကို ပြန်လည် စိုက်ပျိုးရန်လည်း မီဒီယာ အသီးသီးတွင် ဖော်ပြကြပါသည်။ သစ်ပင်စိုက်လိုက်ရုံနဲ့ ပြီးသွားရောလား။ သစ်ပင်သည် စိုက်တိုင်း မရှင်သန်နိုင်ကြပါ။ ထို့ကြောင့် စိုက်ပျိုး သစ်ပင်များကို ရှင်သန်လာအောင် ထိန်းသိမ်းပေးမှုမှာ အရေးကြီးသော တာဝန်တစ်ခု ဖြစ်လာပါသည်။ ရှိပြီးသား သစ်ပင်များကို ထိန်းသိမ်းခြင်း သည် သစ်ပင်များ ပြန်လည် စိုက်ပျိုးခြင်းထက် ပိုမို ထိရောက်ကြောင်း ပညာရှင်များ ပြောဆိုနေကြပြီ။ တချို့ နိုင်ငံတွေမှာ ရှိပြီးသား သစ်တောများကို မခုတ်တော့ရန် သဘောတူညီခဲ့ကြပြီဟု သိရသည်။

''သစ်ပင်စိုက်မယ် ဆိုရင် တန်ဖိုးကြီးတဲ့ သစ်ပင်ဆိုတာထက် အရိပ်ကောင်းတဲ့ သစ်ပင်၊ အကြီးမြန်တဲ့သစ်ပင်ကို ပိုစိုက်သင့်တယ်။ တန်ဖိုးရှိတဲ့သစ်ပင် စိုက်ထားခဲ့ရင် တကယ်လို့ ဒီသစ်ပင် ကြီးလာခဲ့မယ် ဆိုရင် ပြန်ခုတ်ကြဦးမှာပဲ''ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် တစ်ဦးက ပြောကြားခဲ့ဖူးသည်။ ယနေ့ ကမ္ဘာကြီးပေါ်မှာ သစ်ပင်များရဲ့ အခွင့်အရေးကို အလောတကြီး တောင်းဆိုနေကြရပြီ။ လောကကြီးလှပဖို့ လူသားတွေချည်း ရှိမှသာ မဟုတ်၊ သစ်ပင်၊ တိရစ္ဆာန် အားလုံး စုံစုံညီညီရှိမှသာ သဘာဝလောကကြီး သာယာပေမည်။

''အခုတော့ သစ်ပင်တစ်ပင် ရှင်သန်လာဖို့ အတွက် တော်တော်လေး ခက်ခဲပါလား ဆိုတာ သိလာရပါတယ်။ သစ်ပင်တစ်ပင် ကြီးထွားလာအောင် နှစ်ပေါင်းနှစ်ဆယ်၊ သုံးဆယ် စောင့်ခဲ့ရပေမယ့် သစ်ပင်တစ်ပင် လှဲပစ်ဖို့ ကတော့ မိနစ် ၂၀၊ ၃၀ တောင် မကြာဘူးဆိုတာ သိလာရတယ်။ သစ်ပင်တွေကို စိုက်ပျိုးတဲ့ ပတ်ဝန်းကျင်ရဲ့ ပူးပေါင်းထိန်းသိမ်းပေးဖို့ကလည်း အရေးပါပါတယ်။ ဒေသခံတွေနဲ့ လမ်းသွားလမ်းလာ အပေါင်းကို သစ်ပင်လေးတွေကို ဂရုစိုက်ပေးဖို့ ပြောဆို စည်းရုံးရပါတော့တယ်။ စွပ်ကျယ်တွေ၊ တီရှပ်တွေကို အလှူခံပြီးတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်ပင်များနဲ့ ပတ်သက်တဲ့ စာတွေ၊ ကာတွန်းတွေကို ရိုက်ပြီး အခမဲ့ ပြန်လည် ဖြန့်ဝေခဲ့ပါတယ်။ ဒါကလည်း သစ်ပင်တွေကို ချစ်တတ်လာအောင် ထိန်းသိမ်းတတ်လာအောင် စည်းရုံးခြင်း တစ်မျိုးလို့ ခံယူပြီး လုပ်ဆောင်နေပါတယ်''ဟု သစ်ပင်စိုက်ပျိုးသူတစ်ဦး ဖြစ်သူ ကိုကျော်သူစိုးက ပြောပြသည်။

ကမ္ဘာပေါ်တွင် ထုတ်လွှတ်လျက် ရှိသည့် စုစုပေါင်း ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များ အနက် ၂၀ ရာခိုင်နှုန်းခန့်မှာ ကမ္ဘာ့သစ်တော ပြုန်းတီးမှုနှင့် ဆက်စပ်လျက် ရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံ စုစုပေါင်း မြေဧရိယာ စတုရန်းမိုင် ၂ ဒသမ ၆၁ သိန်းခန့် အနက် သစ်တောလွှမ်းခြုံထားသည့် ဧရိယာမှာ စတုရန်းမိုင် ၁ ဒသမ ၃၇ သိန်းခန့် ရှိသဖြင့် စုစုပေါင်း မြေဧရိယာ၏ ၅၂ ရာခိုင်နှုန်းခန့်ကို သစ်တောများဖြင့် လွှမ်းခြုံထားသည်။ မြန်မာနိုင်ငံရှိ စုစုပေါင်း သစ်တော ဧရိယာ၏ ၄၃ ရာခိုင်နှုန်းခန့်ကို သစ်တောကြိုးဝိုင်း အဖြစ် စနစ်တကျ သတ်မှတ်ထား ရှိသည်။ သစ်တော ဧရိယာ ဒေသများ အတွင်း ၃၈ နေရာ ကို အမျိုးသား သဘာဝသစ်တောများ(National Parks) အဖြစ် ထိန်းသိမ်းထားသည်။

ကျွန်တော်တို့ စိုက်ပျိုးသော သစ်ပင်များမှာ ကျွန်တော်တို့၏ အနာဂတ် မျိုးဆက်များ အတွက် အေးချမ်းမှုကို ပေးစွမ်းနိုင်လိမ့်သည်။ စိမ်းလန်းမှုကို ပေးစွမ်းနိုင်လိမ့်သည်။ ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်တွင် စိမ်းစို အေးငြိမ်းမည့်၊ မေတ္တာတို့ဖြင့် ချွေးသိပ်ပေးနိုင်မည့် ပတ်ဝန်းကျင် အသစ်ကို တောင့်တနေကြသည်။ စိမ်းလန်းသော ပတ်ဝန်းကျင် တစ်ခုကို လူသားပီပီ တောင့်တနေကြပါသည်။

Admin
Admin

Posts : 82
Join date : 2011-06-11
Age : 26
Location : Mandalay

View user profile http://mmts.forumsmusic.com

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum