မရှိသုခ၊ ရှိသုခ

View previous topic View next topic Go down

မရှိသုခ၊ ရှိသုခ

Post  Admin on Tue Jun 14, 2011 2:08 pm

လောက၌ ''မရှိမကောင်း၊ ရှိမကောင်း''ဟုလည်း ပြောကြသည်။ ''မရှိဒုက္ခ၊ ရှိဒုက္ခ''ဟုလည်း ပြောကြသည်။ အမှန်ပင်ဖြစ်သည်။ မရှိမကောင်း ရှိမကောင်း ဆိုသူမျိုးကို အများကြီး ကြုံရသည်။ မရှိဒုက္ခ ရှိဒုက္ခ ဆိုတာမျိုးလည်း အများကြီး တွေ့ရသည်။ ဤသည်ပင် လောကသဘာဝ ဖြစ်လိမ့်မည်။ မရှိမကောင်းဟု ဆိုသဖြင့် ရှိမှကောင်းသည်ဟု အဓိပ္ပာယ် ထွက်သည်။ ရှိမကောင်းဟု ဆိုပြန်တော့ မရှိမှ ကောင်းသည်ဟု အဓိပ္ပာယ် ထွက်ပြန်သည်။ မရှိဒုက္ခဟု ဆိုသဖြင့် ရှိလျှင်သုခဟု အဓိပ္ပာယ် ထွက်သည်။ ရှိဒုက္ခဟု ဆိုသဖြင့် မရှိလျှင် သုခဟု အဓိပ္ပာယ် ထွက်သည်။

အိမ်စီးကားလေးရှိတော့ ဒရိုင်ဘာရှာရသည့် ဒုက္ခ၊ ဒရိုင်ဘာကပေးသည့် ဒုက္ခ၊ ကိုယ်ကသူ့ကိုခိုင်းရတာက နည်းနည်း၊ သူကကိုယ့်ကို ပြန်ခိုင်းတာက များများ ဆိုသလို ပြင်ရဆင်ရသည့် ဒုက္ခ၊ ဆီထုတ်ရသည့် ဒုက္ခ၊ ဟိုဧည့်သည်၊ သည်ဧည့်သည် မကောင်းတတ်လို့ လိုက်ပို့ပေးရသည့် ဒုက္ခ စသည် ကားကပေးသည့် ဒုက္ခက မနည်းချေ။ ကားမရှိတော့ ထိုဒုက္ခတွေ အကုန်ငြိမ်းသည်။ မရှိတော့ ချမ်းသာသည်။ မရှိသုခ ဖြစ်သည်။ အကောင်းဘက်ကကြည့်သော် ကားလေးရှိတော့ ဟိုနားသည်နား၊ ကိုယ်သွားလိုရာ အချိန်မရွေး ကောက်သွားလို့ ရသည်။ မိမိပဲ ဖြစ်စေ၊ မိသားစုဝင်ထဲကပဲ ဖြစ်စေ၊ ညအချိန်မတော် ကျန်းမာရေးကိစ္စ တစ်စုံတရာ အကြောင်းပေါ်လျင် အချိန်မရွေး ဆေးရုံဆေးခန်း သွားလို့ ရသည်။ အဆင်ပြေသည်။ ကားမရှိတော့ တချို့ လူမှုဝတ္တရားတွေ ပျက်ကွက်သည်။ ကားရှိတော့ လူမှုဝတ္တရားတွေ ကျေပွန်သည်။ ကားမရှိလျှင် စိတ်သွားတိုင်း ကိုယ်မပါ။ ကားရှိတော့ စိတ်သွားတိုင်း ကိုယ်ပါသည်။ ရှိသုခ ဖြစ်သည်။

ရိုးရိုးလေးတွေးလျှင် မရှိသင့် မရှိထိုက်တာတွေ မရှိလျှင် မရှိသုခ - ချမ်းသာသည်။ ရှိသင့်ရှိထိုက်တာတွေ ရှိလျှင် ရှိသုခ - ချမ်းသာသည်။ သို့ဆိုလျှင် ချမ်းသာဖို့ အတွက် မရှိသင့် မရှိထိုက်တာတွေ မရှိဖို့၊ ရှိသင့် ရှိထိုက်တာတွေ ရှိဖို့ လိုအပ်သည်ဟု အဓိပ္ပာယ် သက်ရောက်သည်။ သို့ဖြစ်သောကြောင့် ချမ်းသာချင်လျှင် သို့မဟုတ် ချမ်းသာစေချင်လျှင် မရှိသင့် မရှိထိုက်တာတွေ မရှိအောင်၊ ရှိသင့် ရှိထိုက်တာတွေ ရှိအောင် လုပ်ကြရလိမ့်မည်။
ကံဟူသည် ကမ္မဟူသော ပါဠိမှ လာသဖြင့် 'ကံဆိုတာ အလုပ်၊ အလုပ် ကောင်းလျှင် ကံကောင်းသည်'ဟုလည်း ဆိုကြသည်၊ လူဆိုသည်မှာ အများစုက လက်လှုပ်မှ ပါးစပ်လှုပ်ရသော အစားမျိုး ဖြစ်သဖြင့် အလုပ် ရှိဖို့တော့ လိုသည်၊ ကမ္ဘာ့လူဦးရေက တဖြည်းဖြည်းချင်း များလာတော့ အလုပ်မရှိသူ အလုပ်လက်မဲ့တွေကလည်း တစ်နေ့တစ်ခြား များများလာသည်။ ယနေ့ အများစု၏ ဒုက္ခက အလုပ် မရှိသော မရှိဒုက္ခ ဖြစ်သည်...

ဘုရားက ''အတ္ထိသုခ - ရှိချမ်းသာ၊ ဘောဂသုခ - ခံစားစံစား ချမ်းသာ၊ အာနဏျသုခ - အကြွေးကင်းချမ်းသာ၊ အန၀ဇ္ဇသုခ - အပြစ်ကင်း ချမ်းသာ''ဟု ချမ်းသာလေးပါး ဟောခဲ့သည်၊ လူ့ချမ်းသာဟု ဆိုရမည်။
အကြွေးရှိလျှင် ဒုက္ခ ဖြစ်သည်။ ရှိဒုက္ခ ဖြစ်သည်။ အကြွေး မရှိမှ ချမ်းသာသည်။ မရှိသုခ ဖြစ်သည်။ ထို့ကြောင့် အကြွေးကင်းအောင်၊ အကြွေးမရှိအောင် နေရမည်။ အကြွေးဟူသည် ၀ဋ်းကြွေး၊ ကံကြွေး၊ နှုတ်ကြွေး၊ ငွေအကြွေး စသည် အကြွေးအားလုံးကင်းမှ ချမ်းသာသည်။ အကြွေးအားလုံး မရှိအောင် နေရမည်။

အပြစ်ရှိလျင် ဒုက္ခ ဖြစ်သည်။ ရှိဒုက္ခ ဖြစ်သည်။ အပြစ်မရှိလျှင် ချမ်း သာသည်။ ရှိသုခ ဖြစ်သည်။ အတတ်နိုင်ဆုံး အပြစ်ကင်းအောင် နေရမည်။ ''အကုသလံ သာဝဇ္ဇဒုက္ခ၀ိပါ က လက္ခဏံ - အကုသိုလ် ဟူသည် အပြစ် ရှိသည်။ဒုက္ခပေးတတ်သည်'' ဟု ဆိုသဖြင့် အပြစ်ဟူသည် အကုသိုလ် ဖြစ်သည်။ အကုသိုလ် ဟူသည် လောဘ အခြေပြုစိတ် ရှစ်ပါး၊ ဒေါသ အခြေပြုစိတ် နှစ်ပါး၊ မောဟ အခြေပြုစိတ် နှစ်ပါး၊ ပေါင်းလျှင် ဆယ့်နှစ်ပါး ဖြစ်သည်။

လောဘ ဒေါသ အခြေပြု၍ ကိုယ်အားဖြင့် ကျူးလွန်လျှင် ကာယကံပြစ် ဖြစ်သည်။ နှုတ်အားဖြင့် ကျူးလွန်လျှင် ၀စီကံပြစ် ဖြစ်သည်။ စိတ်အားဖြင့် ပြစ်မှားလျှင် မနောကံပြစ် ဖြစ်သည်။ ကံသုံးပါး၌ အပြစ် ရှိနေလျှင် ရှိဒုက္ခ ဖြစ်သည်၊ ကံသုံးပါး၌ အပြစ်ကင်းမှ အပြစ် မရှိမှ ချမ်းသာသည်၊ မရှိသုခ ဖြစ်သည်။

''ဘာရာဟဝေပဉ္စက္ခန္ဓာ - ခန္ဓာငါးပါးသည် ၀န်ထုပ်ဝန်ပိုး''ဟု ဘုရားမိန့်သဖြင့် ခန္ဓာငါးပါး ရှိနေခြင်းကိုက ဒုက္ခ ဖြစ်သည်။ ရှိဒုက္ခ ဖြစ်သည်။ ခန္ဓာငါးပါး မရှိတော့မှ ချမ်းသာသည်။ ရှိသုခ ဖြစ်သည်။ စိတ်ထဲ၌ တစ်စုံတရာ ရှိနေခြင်းက စိတ်လေးသည်။ ပင်ပန်းဆင်းရဲသည်။ ရှိဒုက္ခ ဖြစ်သည်။ စိတ်ထဲ၌ ဘာမျှမရှိလျင် စိတ်ပေါ့သည်။ စိတ်ချမ်းသာသည်။ မရှိသုခ ဖြစ်သည်။ စိတ်ချမ်းသာချင်လျှင် စိတ်ထဲက ရှိသမျှအားလုံး ထုတ်ပစ်၍ စိတ်အနားပေးရမည်။

ခြုံလိုက်လျှင် သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ၊ စည်းကမ်း ဖြစ်စေ၊ ဥပဒေ ဖြစ်စေ၊ ပညတ်ချက်တွေ၊ မူတွေဖြစ်စေ ဒုက္ခပေးသော အရာ ဖြစ်လျှင် မရှိသင့် မရှိထိုက်သော အရာ ဖြစ်သည်။ ဒုက္ခပေးတတ်သူ၊ အနှောင့်အယှက်ပေးတတ်သူ ရှိနေလျှင် ရှိဒုက္ခ ဖြစ်သည်။ သူမရှိမှသာ ချမ်းသာတော့သည်။ မရှိသုခ ဖြစ်သည်။ ရန်သူ ရှိနေလျှင် ရှိဒုက္ခ ဖြစ်သည်။ ရန်သူ မရှိမှ ချမ်းသာသည်။ မရှိသုခ ဖြစ်သည်။ အန္တရာယ် ရှိနေလျင် ရှိဒုက္ခ ဖြစ်သည်။ အန္တရာယ် မရှိမှ ချမ်းသာသည်။ မရှိသုခ ဖြစ်သည်။ ရောဂါရှိနေလျှင် ရှိဒုက္ခ ဖြစ်သည်။ ရောဂါမရှိမှ ချမ်းသာသည်။ မရှိသုခ ဖြစ်သည်။မရှိခြင်းသည် တချို့၌ သုခ ဖြစ်သော်လည်း တချို့၌ ဒုက္ခဖြစ်သည်၊ စားစရာမရှိက ဒုက္ခ ဖြစ်သည်။ မရှိဒုက္ခ ဖြစ်သည်။ စားစရာရှိမှ ချမ်းသာသည်။ ရှိသုခ ဖြစ်သည်။ ၀တ်စရာမရှိလျှင် ဒုက္ခ ဖြစ်သည်။ မရှိဒုက္ခ ဖြစ်သည်။ ၀တ်စရာရှိမှ ချမ်းသာသည်။ရှိသုခ ဖြစ်သည်။ နေစရာ မရှိလျှင် ဒုက္ခ ဖြစ်သည်။ နေစရာရှိမှ ချမ်းသာသည်။ ရှိသုခ ဖြစ်သည်။ ပစ္စည်းဥစ္စာ မရှိက ဒုက္ခ ဖြစ်သည်။ မရှိဒုက္ခ ဖြစ်သည်။ ပစ္စည်းဥစ္စာရှိမှ ချမ်းသာသည်။ ရှိသုခ ဖြစ်သည်။

စားစရာရှိလို့ စားရခြင်းသည် ဘောဂသုခ ဖြစ်သည်။ ၀တ်စရာရှိလို့ ၀တ်ရခြင်းသည် ဘောဂသုခ ဖြစ်သည်။ နေစရာရှိလို့ နေရခြင်းသည် ဘောဂသုခ ဖြစ်သည်။ သုံးဆောင် ခံစားစရာရှိလို့ သုံးဆောင် ခံစားခြင်းသည် ဘောဂသုခ ဖြစ်သည်။ တစ်နေ့ထက်တစ်နေ့ အာရုံကောင်းတွေကို တီထွင်ဖန်တီးနေသော သိပ္ပံခေတ်ကြီး၌ နေ့စဉ်နှင့်အမျှ လိုချင်မက်မောစရာ အသစ်အဆန်း အာရုံအကောင်းတွေက ပေါလွန်း များလွန်းလေတော့ ဘောဂသုခကလည်း လိုက်လို့ မဆုံး၊ ခံစားလို့ မဆုံး ရှိရော့မည်။ ထိုအခြေကိုမြင်လို့ ဘုရားရှင်က ''သန္တုဋ္ဌိပရမံ ဓနံ- တင်းတိမ်ရောင့်ရဲခြင်းသည်သာ အမြတ်ဆုံးဥစ္စာ''ဟု မိန့်ခဲ့သည်။ ချမ်းသာအစစ် ဟူသည် ခံစား စံစားခြင်း မဟုတ်၊ တင်းတိမ်ရောင့်ရဲခြင်း ဖြစ်သည်။ တင်းတိမ်ရောင့်ရဲနိုင်လျှင် ချမ်းသာသည်။ တင်းတိမ်ရောင့်ရဲလေ ချမ်းသာလေ ဖြစ်သည်။ တင်းတိမ်ရောင့်ရဲခြင်း မရှိလျှင် ဒုက္ခ ဖြစ်သည်။ မရှိဒုက္ခ ဖြစ်သည်။ တင်းတိမ်ရောင့်ရဲမှုရှိမှ ချမ်းသာသည်။ရှိသုခ ဖြစ်သည်။

ကံမရှိလျင် ဒုက္ခဖြစ်သည်။ ကံမရှိလျှင် ဉာဏ်ရှိတိုင်းမွဲ ဟူ၍ပင် ဆိုကြသည်။ မရှိဒုက္ခ ဖြစ်သည်။ ကံရှိမှ ချမ်းသာသည်၊ ရှိသုခ ဖြစ်သည်၊ ကံဟူသည် ကုသိုလ်ကံ ဖြစ်သည်၊ ယင်းကံသည် အတိတ်ဘ၀ါဘ၀က ကုသိုလ်ကံက တစ်ဝက်ဆိုင်သည်၊ လက်ရှိ ပစ္စုပ္ပန်ဘ၀ ကုသိုလ်ကံကလည်း တစ်ဝက်ဆိုင်သည်။

ကံဟူသည် ကမ္မဟူသော ပါဠိမှ လာသဖြင့် ''ကံဆိုတာ အလုပ်၊ အလုပ်ကောင်းလျှင် ကံကောင်းသည်''ဟုလည်း ဆိုကြသည်၊ လူဆိုသည်မှာ အများစုက လက်လှုပ်မှ ပါစပ်လှုပ်ရသော အစားမျိုး ဖြစ်သဖြင့် အလုပ်ရှိဖို့တော့ လိုသည်၊ ကမ္ဘာ့ လူဦးရေက တဖြည်းဖြည်းချင်း များများလာတော့ အလုပ်မရှိသူ အလုပ်လက်မဲ့တွေကလည်း တစ်နေ့တခြား များများလာသည်၊ ယနေ့ အများစု၏ ဒုက္ခက အလုပ်မရှိသော မရှိဒုက္ခ ဖြစ်သည်။
အလုပ်မရှိတော့ ၀င်ငွေမရှိ၊ ၀င်ငွေ မရှိတော့ နတ္ထိ၊ အတ္ထိသုခလည်း ချို့တဲ့သည်၊ ဘောဂသုခလည်း ချို့တဲ့သည်၊ အကြွေးယူရတော့ အာနဏျသုခလည်း ချို့တဲ့သည်။ အူမ မ,တောင့်လေသောအခါ သီလလည်း မစောင့်နိုင်ကြတော့ အန၀ဇ္ဇ သုခလည်း ချို့တဲ့သည်၊ အလုပ်မရှိခြင်း၏ မရှိဒုက္ခက ကျန်သုခသုံးပါးကိုပါ ထိခိုက်တော့သည်၊ သုခလေးပါးလုံး ချွတ်ယွင်းတော့ လူတွေ ဒုက္ခရောက်ကုန်တော့သည်။

လူတွေကို ချမ်းသာစေချင်လQင် အလုပ်ရှိအောင် ဖန်တီးပေးရမည်။ ယင်းအလုပ်သည် ခေတ်ကုန်ဈေးနှုန်းနှင့် လျော်ညီသော လုပ်အားခလည်း ရရှိဖို့ လိုသည်။ ဖြစ်နိုင်လျှင်တော့ ၀င်ငွေကောင်းသော အလုပ်ကောင်းကောင်း ရှိရမည်။ အလုပ်ကောင်းသဖြင့် ၀င်ငွေကောင်းကောင်း ရှိခြင်းသည် ရှိသုခ ဖြစ်သည်။

ဉာဏ်မရှိလျှင် ဒုက္ခ ဖြစ်မည်။ မရှိဒုက္ခ ဖြစ်သည်။ ဉာဏ်ရှိမှ ချမ်းသာသည်။ ရှိသုခ ဖြစ်သည်၊ ဉာဏ်ဟူသည် စဉ်းစားဉာဏ်၊ ဆင်ခြင်ဉာဏ်၊ တွေးခေါ်ဉာဏ် စသည် ဉာဏ်နီဉာဏ်နက်မှတပါး ဉာဏ်အားလုံး ဖြစ်သည်။ ဉာဏ်နှင့်စပ်၍ အတတ်ပညာ၊ အသိပညာ ပညာအားလုံး ပါဝင်သည်၊။ ပညာမတတ်လျှင် ဒုက္ခ ဖြစ်မည်။ မရှိဒုက္ခ ဖြစ်သည်။ ပညာတတ်လျှင် ချမ်းသာမည်။ ရှိသုခ ဖြစ်သည်။ အတတ်ပညာထက် အသိပညာကတော့ ပို၍ လိုအပ်သည်။ လူ၌ အရေးအကြီးဆုံးက အသိစိတ်ဓာတ်နှင့် အသိတရား ဖြစ်သည်။ ယင်းသည် အသိပညာ ဖြစ်သည်။

ဝီရိယ မရှိလျှင် ဒုက္ခဖြစ်မည်၊ မရှိဒုက္ခ ဖြစ်သည်။ ၀ီရိယရှိမှ ချမ်းသာသည်။ ရှိသုခ ဖြစ်သည်၊ ၀ီရိယနှင့် နွယ်၍ လုံ့လ မရှိလျှင် ဒုက္ခတွေ့မည်။ မရှိဒုက္ခ ဖြစ်သည်။ လုံလရှိမှ ချမ်းသာသည်၊ ရှိသုခ ဖြစ်သည်၊ ဇွဲမရှိလျှင် ဒုက္ခ ဖြစ်မည်၊ မရှိဒုက္ခ ဖြစ်သည်။ ဇွဲရှိမှ ချမ်းသာသည်၊ ရှိသုခ ဖြစ်သည်။ အောင်မြင်မှုက လိုအပ်သည်မှာ ပထမတန်းစား ဉာဏ်ရည်ဉာဏ်သွေး မဟုတ်၊ ပထမတန်းစားဇွဲ ဖြစ်သည်။

လုပ်တတ်ကိုင်တတ်၊ ပြောတတ်ဆိုတတ်၊ ကျွမ်းကျင်မှု၊ လိမ္မာမှု၊ ပါးနပ်မှု စသော ပယောဂသမ္ပတ္တိ မရှိလျှင် ဒုက္ခ ဖြစ်မည်၊ မရှိဒုက္ခ ဖြစ်သည်၊ ပယောဂသမ္ပတ္တိရှိမှ ချမ်းသာသည်၊ ရှိသုခ ဖြစ်သည်၊ ထို့အပြင် ရှိသုခ အနေနှင့်
အကြံကောင်း ရှိရမည်၊ ဉာဏ်ကောင်း၊ အတွေးအခေါ်ကောင်း ရှိရမည်၊ စိတ်ကောင်း ရှိရမည်၊ မိတ်ကောင်း ရှိရမည်၊ အမှီကောင်း ရှိရမည်၊ နေရာကောင်း ရှိရမည်၊ ဦးဆောင်မှုကောင်းကောင်း ရှိရမည်။ စီမံခန့်ခွဲမှုကောင်း ရှိရမည်။

ခေတ်ကောင်း ရှိရမည်။ စနစ်ကောင်း ရှိရမည်။ ပတ်ဝန်းကျင်ကောင်း ရှိရမည်၊ ခေတ်ကာလ၏ တောင်းဆိုမှုအရ ရှိသင့်ရှိထိုက်သည်များ ရှိရမည်။ လိုအပ်လျက်ရှိသည့် လိုအပ်ချက်များ ရှိရမည်၊ မရှိလျင် မရှိဒုက္ခ ဖြစ်သည်၊ ရှိလျင် ရှိသုခ ဖြစ်သည်။

သုခနှင့်ဒုက္ခ နှစ်မျိုးလုံးသည် ရှိခြင်း မရှိခြင်း နှစ်မျိုးလုံးနှင့် သက်ဆိုင်နေသည်၊ တချို့က ရှိလျှင် သုခ၊ မရှိလျှင် ဒုက္ခ၊ တချို့ကျပြန်တော့ မရှိလျှင်သုခ၊ ရှိလျင်ဒုက္ခ၊ လောကသဘာဝ အရာခပ်သိမ်းသည်လည်း သုခနှင့်ဒုက္ခ နှစ်မျိုး တွေ့လိမ့်ရှိသည်၊ သစ်ပင်သည် အေးမြသော အရိပ်ကို ပေးသော်လည်း သူ့အပင်က ကြွေကျသော အရွက်ကိုတော့ အမှိုက်လှဲရသေးသည်၊ ဤကား လောကသဘာဝ ဖြစ်သည်။

လောကီနှင့် လောကုတ္တရာ ခွဲခြမ်းကြည့်လျှင် လောကုတ္တရာမှာတော့ နတ္ထိ - မရှိခြင်းသည် သုခ ဖြစ်သည်။ သန္တိသုခ ဟူသည် ရုပ်ဟူသမျှ နာမ်ဟူသမျှ မရှိတော့ခြင်း ဖြစ်သည်။ ကမ္မ၀ဋ်၊ ကိလေသ၀ဋ်၊ ၀ိပါက၀ဋ် ၀ဋ်ဟူသမျှ
မရှိတော့ခြင်း ဖြစ်သည်။ နိရောဓဟူသည် ချုပ်သွား၊ ပျက်သွား၊ ပျောက်သွားခြင်း ဖြစ်၍ မရှိတော့ခြင်း ဖြစ်သည်၊ ထို့ကြောင့် လောကုတ္တရာ၌ နတ္ထိ ဖြစ်မှသာ သုခ ဖြစ်သည်။

လောကီမှာတော့ အတ္ထိဖြစ်မှသာ သုခ ဖြစ်သည်။ ရှိသင့်ရှိထိုက်တာတွေ ရှိမှသာ ချမ်းသာသည်။ ထို့ကြောင့် လောကုတ္တရာနယ်သို့ မသက်ဝင်နိုင်သေးသော လောကီသားတို့ အနေနှင့် လောက၏ တောင်းဆိုချက်
ရှိသင့်ရှိထိုက်တာတွေ ရှိအောင် ကြိုးစားကြရမည်။ ဘုရားကလည်း လောကီသားတို့အတွက် အတ္ထိကိုသာ သုခ အဖြစ် ဟောတော်မူခဲ့သည်။

Admin
Admin

Posts : 82
Join date : 2011-06-11
Age : 26
Location : Mandalay

View user profile http://mmts.forumsmusic.com

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum