ကုလားတန် (သို့မဟုတ်) ကစ္ဆပနဒီ သို့ . . .

View previous topic View next topic Go down

ကုလားတန် (သို့မဟုတ်) ကစ္ဆပနဒီ သို့ . . .

Post  Admin on Tue Jun 14, 2011 2:02 pm


မြစ်ပြင်ကို ဖြတ်တိုက်လာသော လေနုအေးမှာ ကမ်းနားလမ်းမှ ဖြတ်သွားဖြတ်လာများ အတွက် အားဆေး တစ်ခွက်ပင် ဖြစ်သည်။ အာသံနယ်မှ မြစ်ဖျားခံ စီးဆင်းလာခဲ့သော ကုလားတန် (သို့) ကစ္ဆပနဒီမြစ်သည် စစ်တွေမြို့အနီး မိခင် ဘင်္ဂလားပင်လယ်၏ ရင်ခွင်သို့ အသာအယာ စီးဝင်နေတော့သည်။

မိုင်ပေါင်းရာနှင့်ချီပြီး ရှည်လျားသောမြစ်။ ပလက်ဝ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေမြို့လေးခုကို ဖြတ်သန်းစီးဆင်း၊ ရှိရင်းစွဲ အရင်းအမြစ်များနှင့် ရှင်သန်ခဲ့သောမြစ် ဖြစ်ခဲ့သော်လည်း မျက်မှောက်ကာလ ဖြစ်ပျက်နေမှုများကို ကြည့်လျှင် အနာဂတ်၏ မျှော်လင့်ချက်များသည် ပီပြင်နိုင်ပါ့မလား ဆိုသည့် အသိက အတွေးအာရုံကို ဆွဲဆန့်စေခဲ့သည်။

မြစ်ကို အမှီပြုနေကြသော ဒေသခံများ၏ ရင်ထဲတွင် ကစ္ဆပနဒီသည် ထာဝရ အေးချမ်းသာယာသော မြင်ကွင်းတစ်ခုပင် ဖြစ်ချေသည်။ သို့စေကာမူ စွန့်ပစ်အမှိုက်၊ စပါးခွံ၊ အခြား အညစ်အကြေးများကြောင့် မြစ်ရေ ညစ်ညမ်းမှုနှင့် ကြုံတွေ့ခဲ့ရပြီ ဖြစ်သဖြင့် ကစ္ဆပနဒီသည် ငိုကြွေးနေချေပြီဟုပင် ခံစားမိသည်။

''အခု နှစ်ပိုင်းတွေမှာ မြစ်ရေက သိပ်မသန့်တော့သလို ဖြစ်လာတာ သတိထားမိကြမှာပါ။ မြစ်ထဲမှာ ကြည့်လိုက်ရင် စပါးခွံတွေက အပြည့်။ ပစ်လိုက်ကြတဲ့ အမှိုက်တွေကလည်း မြစ်ကမ်းတစ်လျှောက် ဟိုတစ်ကွက် ဒီတစ်ကွက်။ နောက်မကြာခင် သုံးမရတော့တဲ့ အနေအထားတွေ ဖြစ်လာနိုင်ပါတယ်''ဟု ကျောက်တော်မြို့မှ ဒေသခံတစ်ဦး၏ မှတ်ချက်များ ဖြစ်သည်။

သည်မြစ်ကမ်းဝဲယာ တစ်လျှောက် နေထိုင်ကြသူများသည် မြစ်ရေကို သုံးရေအဖြစ် အသုံးပြုကြသည်။ ရေချိုးလိုလျှင် မြစ်ထဲဆင်းလိုက်ရုံသာ ရှိသည်။ ကျောက်တော်လောက်ဆို ဒီရေက သိပ်မငန်သဖြင့် ပိုအဆင်ပြေသည်။ အိုးတိုက်၊ ခွက်တိုက်၊ အ၀တ်လျှော်ဖို့ အတွက်လည်း ပူစရာမလို မြစ်ထဲမှာလျှော်၊ မြစ်နားမှာလှန်း၊ မောပန်းစရာ မရှိ၊ ပကတိ ရိုးရှင်းသော မြင်ကွင်းများပင် ဖြစ်လေသည်။

ပိုက်ထောင်၊ ပိုက်ချ၊ ကွန်ပစ် ငါးရှာ တစ်နပ်စာအတွက် ရှာဖွေစား သောက်ကြသည်မှာလည်း ဒေသခံများ၏ လုပ်ရိုးလုပ်စဉ်များပင် ဖြစ်သည်။ ချက်စရာ ငါးဟင်းတစ်ခွက် အတွက် ရှည်ရှည်ဝေးဝေး စဉ်းစားနေစရာ မလို။ ကွန်ကိုဆွဲ၊ ချောင်းထဲ ဆင်းသွားလျှင် ရေချိုးရင်းဟန်လွဲ သဘောဖြင့်ပင် ထမင်းဝိုင်းက ဟင်းတစ်ခွက် ပိုပြီးသား။ သို့တစေ မျက်မှောက်ကာလမှာတော့ ထင်သလို ဖြစ်မလာတော့ပေ။ တစ်နေကုန် ကွန်ပစ်၍ ငါးတစ်နပ်စာ မရသော အခါလည်း ရှိလာခဲ့သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှုများ၏ အကျိုးဆက်များပင် ဖြစ်ချေသည်။
မြစ်တစ်စင်း၏ ကြီးမားသော စွမ်းရည်၊ ညစ်ညမ်းလာမှု လက်ရှိ အနေအထား၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲဖြစ်ပေါ်လာမှုများ အပေါ် ကောင်းအောင် ပြုပြင်ကြမှုသည်သာ အရေးပါ တန်ဖိုးရှိမည် ဖြစ်ကြောင်း၊ စင်စစ် ကုလားတန်မြစ်သည် စကားပြောတတ်လျင် . . .

လေထုညစ်ညမ်းမှုများ အပြင် ရေထု ညစ်ညမ်းမှုများကို ခံစားလာကြရသည်။ သဘာဝ အလှတရားများ ဆုံးရှုံးမှုအပေါ် ခံစားတတ်မှု၊ ထုတ်ဖော် ပြောဆိုမှုမှာလည်း အရေးပါလှသည်။ ဒေသတွင်း ရှိရင်းစွဲ သဘာဝ အရင်းအမြစ်များ ပျက်စီးစေသည့် စီးပွားရေး အမြတ်ထုတ်ခြင်းများ ရှိမလာစေရေး ကြိုးစားသင့်သည်မှာ တာဝန်တစ်ရပ်ပင် ဖြစ်သည်။ စပါးခွံသုံး၊ စွန့်ပစ်ပစ္စည်းသုံး မီးစက်များဖြင့် မြို့ရွာများကို လျှပ်စစ်မီး လင်းစေသည်။ သို့သော်လည်း ယင်းအပေါ်တွင် သာယာနေ၍ မဖြစ်ပေ။အခြားတစ်ဖက်က ပတ်ဝန်းကျင် ပျက်စီးမှုကိုလည်း ရှုမြင်သုံးသပ် သင့်သည်ဟု ဖြစ်ပေါ် ပြောင်းလဲခြင်းနှင့် ဖြစ်ပေါ် ပျက်စီးခြင်း တို့၏ ကွာခြားချက်ကိုလည်း မေ့ထား၍ရမည် မဟုတ်ပေ။

ရခိုင်ပြည်နယ်အတွင်း ထင်ရှားသော မြစ်ကြီးများတွင် အပါအ၀င် ဖြစ်သော ကုလားတန်မြစ်ကို ကစ္ဆပနဒီ ဟုလည်း ခေါ်ဆိုကြသည်။ ရခိုင် ပထ၀ီအနေအထားအရ မြစ်ချောင်းများ၏ အရေးပါမှုကို လေ့လာကြည့်လျှင်
ကျယ်ပြန့်လှသည်ကို တွေ့ရသည်။ ဒေသတွင်း လူမှုစီးပွားကို အထောက်အကူပြု၊ အကျိုးပြုခဲ့သည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။

မိုးကျချိန် အညာရေပေါက်ပြီ ဆိုလျှင် ကုလားတန်မြစ်ကမ်းဘေး တစ်လျှောက်မှာ ထင်းဆယ်သူတွေ ဖွေးဖွေးလှုပ်။ သစ်၊ ၀ါး အမြောက်အမြား ရကြသည်။ မိုးစာ ထင်းလောင်စာများ ရကြသည်။ နုန်းမြေများပေါ်တွင် ကောက်ပဲသီးနှံများ စိုက်ပျိုး ဖြစ်ထွန်းကြသည်။ သို့သော်လည်း ယခု ကာလများတွင် ပြောင်းလဲမှု သင်္ကေတများကို တွေ့လာရသည်။

မကြာခင် ကုလားတန်မြစ်ကြောင်း တူးဖော်ရေးလုပ်ငန်း စတင်တော့မည်။

သောင်ဖြစ်ထွန်းမှုများ၊ ကျောက်ဆောင်များကို ရှင်းလင်းဖယ်ရှားပြီး သင်္ဘောများ သွားလာနိုင်ရန် ပြုပြင်ကြတော့မည်။ လက်ရှိ ပြည်တွင်း ရေကြောင်းလိုင်းကလည်း ကျောက်တော် အထိ သွားနေရာမှ ရပ်တန့်လိုက်ကြပြီ။

ကျောက်တော်မှ ပလက်ဝသို့လည်း စက်လှေများကို အသုံးပြုသကဲ့သို့ ကုန်းလမ်းမှလည်း သွားလာမှုများ ရှိသည်။ ယင်းအတွက် ကုလားတန်မြစ်၏ ရေကြောင်းသွားလာမှုမှာ တဖြည်းဖြည်း မှေးမှိန်လာခဲ့တော့သည်။ နောက်ထပ်ကော။ ကျွန်တော်တို့ အလေးထားရသော မြစ်ကြောင်း သွားလာမှုတွေ ဘာတွေ ဖြစ်လာမလဲ။

ကျောက်တော်ဘက်ပိုင်းတွင် မြစ်ကြောင်း ကျယ်သည် ဆိုသော်လည်း အထက်ဘက်ခြမ်းတွင် မြစ်ကြောင်းက တဖြည်းဖြည်း ကျဉ်းလာသည်။ ကျောက်ဆောင်များသည် မြစ်ရိုးတစ်လျှောက်တွင် ဖြစ်ထွန်းနေခဲ့သည်။ ရခိုင်၊ မြို၊ ခမီး စသည့် တိုင်းရင်းသားများ မှီတင်းနေထိုင်ကြကြောင်းကို မြစ်ရိုးဝဲယာ တစ်လျှောက်တွင် တွေ့ရသည်။ ကျောက်တော်-ပလက်ဝ မိုင် ၄၀ ရှိသည်။ ပလက်ဝမြို့သည် မြေပုံအရ ချင်းပြည်နယ်အတွင်း ပါဝင်သော်လည်း အုပ်ချုပ်မှု အပိုင်းကို ရခိုင်ပြည်နယ်မှ တာဝန်ယူထားကြောင်း သိရသည်။ ပထ၀ီအနေအထား၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့်ပင် ဖြစ်ပေမည်။

စင်စစ်အားဖြင့် ကုလားတန် (ခေါ်) ကစ္ဆပနဒီမြစ်သည် အိန္ဒိယ - မြန်မာ နယ်နိမိတ်မြစ်ကြောင်း ဖြစ်သည်။ ချင်းပြည်နယ် ဖလမ်းမြို့ အနောက်ဘက်ယွန်းယွန်း အရောက်တွင် တီရီအိုဘာ ဆိုသည့် အမည်မှ ဘွေနု အမည်သို့ ပြောင်းပြီး အိန္ဒိယပြည်နယ် ထဲသို့ စီးဝင်သော မြစ်တစ်ခု ဖြစ်သည်။ အိန္ဒိယပြည်အတွင်း မြစ်လက်တက်များနှင့် ပေါင်းဆုံကာ အလယ်ဘက်သို့ ပြန်စီးကြောင်းလည်း သိရသည်။ မိုင်ပေါင်း သုံးရာကျော် ရှည်လျားသော ကုလားတန်မြစ်ကြီးသည် စစ်တွေမြို့ ပွိုင့်အနီးတွင် ဘင်္ဂလားပင်လယ်နှင့် ပေါင်းဆုံတော့သည်။ မြစ်ကြီး ၅၀၅ စင်းတွင် အကျုံးဝင်သော ကုလားတန်မြစ်သည် သမိုင်းအစဉ်အဆက် တသွင်သွင် စီးသကဲ့သို့ လူနှင့်သတ္တ၀ါ အပေါင်း မြောက်မြားစွာကိုလည်း အကျိုးပြုခဲ့သည်။ သို့သော်လည်း သည်မြေ၊သည်ရေ၊ သည်လေ၊ သည်မြစ်၊ သည်တောတောင်များ သဘာဝအလျောက် တည်ရှိနေသည်ကို ရှုမြင် ကြည်နူးခဲ့ရသည့် ကာလတို့သည် ပါးလှပ်လာခဲ့ပြီလား။ အချိန်ကာလနှင့်အတူ ပြောင်းလဲ ဖြစ်ပေါ်လာခဲ့ သော ရေထု၊ လေထု၊ ပတ်ဝန်းကျင်၊ သဘာဝအရင်းအမြစ်များ အပေါ် ခံစားမှုဒီရေ တို့သည် အရှိန်အဟုန် မြင့်စွာဖြင့် တရွေ့ရွေ့ တက်လာခဲ့ကြသည်မှာလည်း အမှန်။

''ကျွန်တော်တို့သာ ဒီမြစ်ကြီးကို မပျက်စီးစေချင်တာတော့ အမှန်ပဲ။ ပြည်သူတွေ အပေါ်မှာ အကျိုးပြုခဲ့တဲ့ ဒီမြစ်ရဲ့ကျေးဇူးဟာ ကျွန်တော်တို့ ရင်ထဲမှာ ကိန်းဝပ်နေပါတယ်။ ဒါကြောင့် ပြည်သူတစ်ရပ်လုံးက ဒီမြစ်ကို
စောင့်ရှောက်သင့်တယ်လို့ ထင်ပါတယ်။ ဒီမြစ်ကြီးကို ထာဝရ ရှင်သန် စီးဆင်းနေဖို့ ကျွန်တော်တို့ မျှော်လင့်နေကြတယ်။ ဘယ်လိုအကြောင်းနဲ့မှ အပျက်စီး မခံချင်တဲ့စိတ်ဟာ မြစ်ကမ်းဝဲယာ တစ်လျှောက် နေထိုင်ကြသူတွေ ရင်ထဲမှာ ထပ်တူထပ်မျှပါပဲ'' ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောကြားသည်။

မြစ်ကြီးလေးသွယ်။ နဒီလေးရပ် ညီညွတ်စည်ကားခဲ့သဖြင့် ရခိုင်ပြည်နယ်၏ သဘာဝတောတောင် ရေမြေများ လှပခဲ့သည်။ သားငါး သယံဇာတ၊ ဆန်ရေစပါးလည်း တိုးပွားခဲ့သည်ဟု သမိုင်းမှတ်တမ်းများက ဖော်ပြကြသည်။

သို့စေကာမူ မျက်မှောက်ကာလ၏ အနေအထားသည် ပြောင်းလဲခဲ့ပြီ ဖြစ်သည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေကြရပြီ ဖြစ်သည်။

မြစ်ကြောင်းများသည် စွန့်ပစ် အမှိုက်များကြောင့် တိမ်ကောလာ သကဲ့သို့ မြစ်ရေများ ညစ်ညမ်းမှုကြောင့် အစစ အရာရာ ဆုံးရှုံးလာခဲ့ကြရသည်။

အရင်က ကစ္ဆပနဒီ မြစ်ရေသည် ကြည်လင်အေးမြ သဘာဝ အရင်းအမြစ်များ ပေါကြွယ်လှသည်။ သည်အကြောင်းများကို တွေးမိတိုင်း သီချင်းတစ်ပုဒ်ကို သတိရမိသည်။

''အို အို အို ကစ္ဆပနဒီ ရေလှိုင်းလေးများရယ် သောင်ပြင်ကမ်းစပ်ဆီ ရိုက်ပုတ်သွားခဲ့ပြီ။ အနောက်ရိုးမ တစ်လျှောက်မှာ သာယာလှပစွာ သူအစဉ်အမြဲ စီးဆင်းနေသည်။ ခိုင်မြဲတဲ့မေတ္တာ အစဉ်အလာဓလေ့ ကြားမှာ ကြင်နာလျက် ဝေးကြရှာသည်''

ကြည်နူးလွမ်းမောဖွယ် ကောင်းလှသော သီချင်းမို့ ရင်ထဲတွင် စွဲထင်နေခဲ့မိသည်။ မြစ်ကမ်းရဲ့ဘေးကို ရောက်တိုင်း တီးတိုးညင်သာစွာ သီဆိုမိသော သီချင်းလည်း ဖြစ်ပေသည်။ ကျောက်တော်မြို့ကို ရောက်သည်နှင့်
မြစ်တစ်လျှောက်ကို တောင်တန်းများက ခြံရံထားကြသည်မှာ အိန္ဒိယနိုင်ငံတွင်းသို့ ၀င်ရောက်သွားသည့်တိုင်။

သဘာဝ အခင်းအကျင်းများသည် နှစ်ပေါင်း သိန်းသန်းချီပြီး တည်ဆောက်ထားခဲ့ခြင်း ဖြစ်ဟန်တူသည်။ မြစ်လက်တက်များစွာကို အခြေခံပြီး ရှင်သန်နိုးထခဲ့သမျှ ခုတော့ လူသားများကြောင့်ပင် ပျက်စီး ယိုယွင်းလာခဲ့သည်။
မြစ်တစ်စင်း၏ ကြီးမားသော စွမ်းရည်၊ ညစ်ညမ်းလာမှု လက်ရှိ အနေအထား၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲ ဖြစ်ပေါ်လာမှုများ အပေါ် ကောင်းအောင် ပြုပြင်ကြမှုသည်သာ အရေးပါ တန်ဖိုးရှိမည် ဖြစ်ကြောင်း၊ စင်စစ်
ကုလားတန်မြစ်သည် စကား ပြောတတ်လျင် လွမ်းချင်းတစ်ပုဒ်ကို ညည်းဆိုနေလေမလားဟု တွေးတောရင်း တွေးတောရင်း။



ELEVEN MEDIA GROUP မှ ကူးယူ ဖော်ပြသည်။

Admin
Admin

Posts : 82
Join date : 2011-06-11
Age : 26
Location : Mandalay

View user profile http://mmts.forumsmusic.com

Back to top Go down

View previous topic View next topic Back to top


 
Permissions in this forum:
You cannot reply to topics in this forum